Samsung Galaxy A7 (2018)

၂၀၁၈ အောက်တိုဘာလထဲ ထွက်ရှိလာတဲ့ Samsung Galaxy A7 ကတော့ ပရိသတ်ကြိုက်တဖြစ်လည်း Mid-range စမတ်ဖုန်းတိုက်ပွဲထဲ Huawei ကို ယှဉ်ဖို့ ကင်မရာစွမ်းဆောင်ရည်ပိုင်း အဆင့်မြင့်ထားတဲ့ စမတ်ဖုန်းလို့ပြောကြည့်ရင် မှားမယ်မထင်ပါဘူး။ အသင့်တင့်စွမ်းဆောင်ရည်၊ ကောင်းမွန်တဲ့ စမတ်ဖုန်းရောင်းဈေးနဲ့ အောင်မြင်မှုတဖန် သိမ်းပိုက်ထားပြန်တဲ့ Xiaomi ကြောင့်လည်း Samsung ခမျာ ဘက်ပဲ့နေရပြန်ပါတယ်။ ဒါကြောင့်မလို့ Mid-range တန်းမှာ ရပြီးသား Position ပြန်ထိန်းနိုင်အောင် တမူထူးခြားလာတဲ့ နည်းပညာနဲ့ ဖန်တီးထားတဲ့ Galaxy A7 စမတ်ဖုန်း ဈေးကွက်ထဲရောက်ရှိနေပါပြီ၊ ဒါကြောင့်မလို့ ဘယ်လို အားသာချက်၊ အားနည်းချက် ရှိမလဲဆိုတာ လေ့လာကြည့်လိုက် ရအောင်။



Display & Design

Samsung ဖုန်းအများစုဟာ ပေးရတဲ့ဈေးနဲ့ ထိုက်သင့်သလောက် ပြန်မရဘူးဆိုပေမယ့် ဒီဇိုင်းအသွင်ပြင်ပိုင်းမှာ တခြားဖုန်းတွေထက် ပိုဆွဲဆောင်မှုရှိနေတာကိုတော့ လက်ခံရမှာပါ။ အခု Galaxy A7 ဟာဆိုရင်လည်း S9 အမွေခံယူထားပြီး မာကျောမှုရှိတဲ့ ပလတ်စတစ်ကိုယ်ထည်အပြင် အရှေ့၊ အနောက် Glass Body နဲ့ ဖွဲ့စည်းထားပေးတာ တွေ့ရပါတယ်။ အလေးချိန်အနေနဲ့ 168g ရှိတာဆိုတော့ ပေါ့ပါးတယ်မဆိုရဘဲ လေးလေးပင်ပင်နဲ့ ကိုင်ရကောင်းတဲ့ အနေထားရှိမယ်လို့ ပြောနိုင်ပါတယ်။

Display ပိုင်းမှာဆိုရင် သူများတကာထက် ထူးကဲ၊ ဝါကြွားနိုင်အောင် sAMOLED နည်းပညာနဲ့ ပံ့ပိုးထားတာကြောင့် ပိုသာနေမယ်၊ Notch မပါတဲ့ Infinity Display ကြောင့် Premium Smartphone အသွင်ဖြင့် မြင်တွေ့ရမှာဖြစ်ပြီး 6” အရွယ်စားရှိ Display ကို 1080 x 2260 Resolution နဲ့ ထောက်ပံ့ထားတယ်၊ Corning Gorilla Glass နဲ့ ဖုံးအုပ်ထားပေးပြီး ဘယ် Colour Format ထောက်ပံ့ထားတယ်ဆိုတာ မသိရပါဘူး။ နောက်ပြီး ပိုပြီး Customize လုပ်နိုင်ပြီး Feature လည်းစုံလင်တဲ့ Always on Display ကိုပါ ထောက်ပံ့ထားသေးလို့ Software ပိုင်းနဲ့ပါ အားဖြည့်ပေးထားတယ် ဆိုရပါမယ်။




Performance & OS

Display ပိုင်းမှာ ဆရာကျတယ်လို့ Positive Comment ရထားပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ လိုအပ်တာထက် မပိုဘဲ သာမန်ပဲရှိတယ်လို့ ပြောရမှာပါ။ Galaxy A7 ဟာ ဒုတိယ Mid-ranger ဖြစ်တာနဲ့အညီ Snapdragon Processor နဲ့မလာဘဲ Samsung ကိုယ်ပိုင် Exynos 7885 Processor သုံးထားတယ်၊ 2.2GHz မြန်နှုန်းရှိ Cortex A73 ၂ လုံး၊ မြန်နှုန်း 1.6GHz ရှိ Cortex A53 ၆ လုံးတို့ Exynos 7885 SoC ထဲပါဝင်မှာပါ။ RAM အနေနဲ့ 4GB ဒါမှမဟုတ် 6GB ရွေးချယ်နိုင်သလို Storage မှာလည်း 64GB or 128GB ဆိုပြီး Option ၂ မျိုးရှိမှာပါ။ OS ပိုင်းမှာ Android 8.1 (Oreo) နဲ့ မောင်းနှင်ပေးထားပြီး Samsung Experience 9.0 နဲ့ အားဖြည့်ပေးထားပါတယ်။


Camera

ကင်မရာပိုင်းမှာ Galaxy A7 ဟာ ပထမဆုံး Triple Setup သုံးထားတဲ့ Samsung Smartphone ဖြစ်လာပြီး Sensor မတူတဲ့ ကင်မရာ ၃ လုံးသုံးထားပါတယ်။ ဒါကိုလေ့လာကြည့်မယ်ဆိုရင် f/1.7 ရှိ 24MP Primary Camera ၊ f/2.2 ရှိ 5MP Depth Sensor နဲ့ f/2.4 ရှိ 8MP Ultrawide စသဖြင့် မတူညီတဲ့ ကင်မရာ ၃ မျိုးနဲ့ ရိုက်ကူးပေးနိုင်မှာပါ။ ဒီလို Aperture 1.7 ပဲရှိတဲ့အထိ ကောင်းမွန်တဲ့ ကင်မရာသုံးထားကိုမှ Exynos 7885 သုံးထားတာဆိုတော့ 4K မရိုက်နိုင်သလို Full HD ဗီဒီယိုအတွက် 60 fps နှုန်းရိုက်ကူးနိုင်မယ့် အရည်သွေးလည်း မပါရှိပါဘူး။ SD 710 လောက်သုံးထားရင်တောင် ကင်မရာပိုင်း ပိုကောင်းသွားနိုင်မယ်လို့ ပြောနိုင်ပေမယ့် Galaxy A7 အတွက် Samsung ပစ်မှတ်ထားတာက Mid-range ဖုန်းတွေထက် ပိုသာတယ်လို့ ပြချင်တာပါ။ Selfie အတွက်ဆိုရင် f/2.0 ရှိ 20MP Wide Camera သုံးထားတာဆိုတော့ ဝါသနာအိုးတွေ အကြိုက်တွေ့မယ်လို့ထင်ပါတယ်။ အရှေ့၊ အနောက် ကင်မရာ ၂ မျိုးလုံး HDR ထောက်ပံ့ထားနိုင်တာကို ကျေးဇူးတင်ရမလို ဖြစ်နေပေမယ့် 1080p 30fps နှုန်းကိုမကျော်လွန်နိုင်သေးတဲ့ Exynos Chip က 2018 နည်းပညာထဲ တကယ်ငြီးငွေ့စရာ ဖြစ်နေပြီလို့ ပြောရမှာပါ။




Security ၊ Battery & Conclusion

Security ပိုင်းအတွက် Fingerprint Reader ကို Display အောက်မှာ ထည့်မထား၊ နောက်ကျောဘက်မှာ မမြင်ရဘဲ စမတ်ဖုန်းနဘေးမှာ ပါဝင်လာတာတွေ့ရမှာပါ။ Mid-range ဖုန်းတချို့အတွက် USB 2.0 Connector သုံးနေသေးတာဆိုတော့ 2018 Galaxy A7 မှာတောင် ပါဝင်လာပါသေးတယ်။ Fast Battery Charging နည်းပညာ မထောက်ပံ့ထားသလို 3,300 mAh Battery သုံးထားလို့ အားသွင်းတဲ့ ကြာချိန်ကိုတော့ စိတ်ရှည်ရှည် သည်းခံရမယ်ထင်ပါတယ်။


ဒီအစား Dolby နဲ့ လက်တွဲထားတာဆိုတော့ Atmos Sound နည်းပညာကို A7 စမတ်ဖုန်းနဲ့ ခံစားနိုင်ဖို့ အခွင့်ရေးရှိပါမယ်။ ဒီလိုဆိုတော့ Display ၊ Camera နည်းပညာတွေမှာ ကောင်းကောင်းထောက်ပံ့ထားနိုင်ပေမယ့် Mid-ranger လည်းဖြစ်နေတယ်၊ အဓိကပြိုင်ဖက်တွေထက် ဆွဲဆောင်မှုပိုရှိအောင် Triple Camera ဖုန်းအဖြစ် ထွက်ရှိလာတဲ့ Galaxy A7 က မြန်မာငွေ ၅ သိန်းခန့်ကျသင့်မယ်၊ Processor ပိုင်း အားမရစရာရှိပေမယ့်လို့ ရွေးချယ်စရာကောင်းတဲ့ စမတ်ဖုန်းထဲမှာ ပါဝင်ပါတယ်။