Xiaomi Mi 8 SE

Xiaomi ကနေ မေလလောက်တုန်းက မိတ်ဆက်ထားတဲ့ Mi 8 SE စမတ်ဖုန်းလေးဟာ Mid-Range ဖုန်းတွေထဲ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေပါဝင်နေပါတယ်။ မြန်မာငွေအားဖြင့် ၃ သိန်း ၇ သောင်းခန့်ကျသင့်မယ့် ဒီ Xiaomi ဖုန်းဟာဆိုရင်ဖြင့် စွမ်းဆောင်ရည်ပိုင်း၊ Display ပိုင်းနဲ့ ကင်မရာပိုင်းစတဲ့ အဓိကနေရာအားလုံးမှာ တခြားဖုန်းတွေထက် နှာတဖျားပိုသာနေတယ်၊ အထင်ကြီးစရာ Specification တွေနဲ့ ဖွဲ့စည်းထားလို့ Mi 8 SE စမတ်ဖုန်းကို ဘာလို့လူကြိုက်များနေသလဲဆိုတာ လေ့လာကြည့်ရအောင်


Design & Display

စမတ်ဖုန်း ဒီဇိုင်းကစပြောရမယ်ဆိုရင် Mi 8 SE ဟာ လေးထောင့်ကျကျ ကိုယ်ထည်နဲ့ ဖွဲ့စည်းထားတယ်၊ ကြည့်ရရိုးရှင်းတဲ့ စမတ်ဖုန်းအသွင်ပြင်နဲ့ မြင်တွေ့ရမယ့် စမတ်ဖုန်းလေးဟာ Dual SIM ထောက်ပံ့ပေးထားတယ်၊ ဒါပေမယ့်လို့ MicroSD Slot ပါဝင်မှာမဟုတ်သလို Hybrid SIM အသုံးပြုထားတာလည်း မဟုတ်ပါဘူး။ အလေးချိန်အားဖြင့် 164g သာရှိတဲ့ Mi 8 SE ဟာ ထောင့်ကျကျ ကိုယ်ထည်ကြောင့် ကြီးတယ်လို့ ခံစားရစေတယ်၊ ကိုင်ရ အလေးအပင်မဖြစ်စေဘဲ Weight ရှိရှိကိုင်တွယ်ရမယ့် အရသာကိုပေးစွမ်းထားမှာပါ။

Display ပိုင်းအနေနဲ့ အမွမ်းတင်ပေးရမယ်ဆိုရင်တော့ ၃ သိန်းခွဲတန်စမတ်ဖုန်းထဲမှာ Super AMOLED Display နဲ့ Mi 8 SE မော်ဒယ်မှာပဲတွေ့နိုင်မယ်လို့ ပြောချင်ပါတယ်။ ဒါဆိုတော့ IPS LCD သုံးနေတဲ့ Budget ၊ Mid-range တွေထက် ပိုသာနေတယ်လို့ပြောနိုင်ပြီး Full HD+ Resolution (1080 x 2244) ထောက်ပံ့ထားပါတယ်။ ဒီ Resolution အနေထားက သာမန်ပဲလို့ဆိုပေမယ့် နောက်ထပ်အားကျစရာတွေက Display ကို Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ထားတယ်၊ HDR10 နဲ့ DCI-P3 Colour Format တွေကိုလည်း ထောက်ပံ့ထားပါသေးတယ်။


Performance & OS

စမတ်ဖုန်း စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ တင်ပြရဦးမယ်ဆိုရင် Mi 8 SE ဟာ Mid-range တန်းကို ပစ်မှတ်ထားတာဆိုတော့ High-end Specs တွေ မပါဝင်ပါဘူး။ ဒါပေမယ့်လို့ နောက်ဆုံးထွက် Snapdragon 710 (10nm) Processor အသုံးပြုထားပြီး 2.2GHz မြန်နှုန်းရှိ 360 Gold Core ၂ လုံးနဲ့ 1.7GHz မြန်နှုန်းရှိ Kyro ၆ လုံး ပါဝင်မှာပါ။ RAM နဲ့ Storage ကိုတော့ 6GB/128GB သုံးပေးထားပြီး ဒီ Specification နဲ့ဆိုရင် မြန်မာငွေ ၃ သိန်း ၇ သောင်းဝန်းကျင်သာ ကျသင့်မှာပါ။ OS ပိုင်းအနေနဲ့ Android Oreo (8.1) အသုံးပြုပေးထားပြီး MIUI 9.5 နဲ့ တွဲဖက်မောင်းနှင်ပေးထားပါတယ်။ ဒါကြောင့် ဈေးလည်းနည်း၊ စွမ်းဆောင်ရည်လည်းကောင်း၊ Display ကလည်း AMOLED ဖြစ်နေလို့ လူကြိုက်များနေကြတာပါ။


Camera

ကင်မရာပိုင်းမှာဆိုရင်လည်း Mid-range ဖုန်းတလုံးအတွက် အပြစ်ပြောစရာမရှိဘူးထင်ပါတယ်။ အခုချိန်က Dual Camera အပြင် Selfie အတွက်ပါ အသားပေးထုတ်နေကြတာဆိုတော့ Mi 8 SE မှာလည်း ဒီလိုအပ်ချက်တွေ ဖြည့်တင်းပေးထားတာ တွေ့ရပါတယ်။ f/1.9 ၊ 1.4µm ရှိ 12MP ကို Dual Pixel နည်းပညာနဲ့ ပံ့ပိုးထားလို့ ပိုပြည့်စုံတဲ့အနေထားမှာရှိပါတယ်။ ဒါကိုမှ f/2.0ရှိ 5MP Depth Sensor နဲ့ အားဖြည့်ထားသေးလို့ Mid-range တန်းမှာ အတော်လေးစွာနေတယ်လို့ ပြောရမှာပါ။ Selfie အတွက်ဆိုရင်လည်း f/2.0 ရှိ 20MP ထည့်သွင်းထားတာဆိုတော့ ဝါသနာအိုးတွေအကြိုက်တွေ့ကြဦးမှာပါ။ ဗီဒီယိုပိုင်း အမွမ်းတင်ရဦးမယ်ဆိုရင် နောက် Dual Camera နဲ့ 4K ကို 30fps နှုန်းနဲ့ရိုက်ကူးနိုင်မယ်၊ Full HD ဆိုရင် 60 fps ၊ 120 fps နှုန်းနဲ့ Slow-mo ရိုက်ကူးနိုင်ပါဦးမှာပါ။ Selfie Camera နဲ့ဆိုရင် Full HD ဗီဒီယိုကို 30 fps နှုန်းနဲ့ပဲ ရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာ ၂ မျိုးလုံး HDR အထောက်ပံ့မပါဝင်ပါဘူး။


Security ၊ Battery & Conclusion

ဒီလို Price to Performance ကို Customer အကြိုက်ထုတ်ပေးထားတဲ့ Mi 8 SE ဟာ Security နဲ့ Connectivity ပိုင်းမှာလည်း ပြည့်စုံပါတယ်။ Fingerprint Scanner အသုံးပြုထားပြီး စမတ်ဖုန်းကျောဘက်မှာ တပ်ဆင်ပါရှိပါမယ်၊ Type-C 1.0 Reversible Connector သုံးထားပေးလို့ ဒေတာအကူးအပြောင်း၊ ဘက်ထရီအားသွင်းဖို့အတွက် များစွာအထောက်ကူဖြစ်ဦးမှာပါ။ ဒါကြောင့်မလို့ Fast Battery Charging အတွက် Quick Charge 3.0 ထောက်ပံ့ထားတယ်၊ ဒါပေမယ့်လို့ 3,120 mAh Battery ပဲပါဝင်တာက အားမရစရာလို့ ပြောရမှာပါ။ OPPO ၊ Vivo စမတ်ဖုန်းတွေ 3,500 mAh Battery ပါဝင်တဲ့ စမတ်ဖုန်းထုတ်နေချိန် Specification လည်းမြင့် အရည်သွေးကောင်းတဲ့ Mi 8 SE အနေနဲ့ဒီထက် ပမာဏပိုများတဲ့ ဘက်ထရီပါဝင်တာ ပိုကောင်းမယ်လို့ထင်ပါတယ်။